Friday, February 29, 2008

IT Talk No.4

အိုင်တီစကားဝိုင်း အမှတ် ၎

အိုင်တီစကားဝိုင်းအမှတ် (၄) ကို မလုပ်မီကတည်းက ပြဿနာအတော်လေးတက်ခဲ့ရသည်။ ၁၁-၁-၂၀၀၈ နေ့လောက် လုပ်မည်ဟုခန့်မှန်းခဲ့ပြီးမှ ထိုနေ့ ခန်းမကိုမပေးနိုင်သဖြင့် ၈-၁-၂၀၀၈ နေ့ကို ပြောင်းလိုက်ရသည်။ သို့ဖြင့် သတင်းပေး ပြီးခါမှ နောက်ကလိုက်ပြီး သတင်းပိတ်ရပြန်သည်။ နောက်တစ်ချက်က ဆရာဦးကျော်ညွန့်နှင့် ချိတ်ရပြန်သည်။ သူ ကလည်း အားတက်သရော ပြောမည့်အကြောင်းအရာတွေကို နောက်တစ်နေ့လာပို့ရှာသည်။ ဆော့ဖ်ဝဲ မူပိုင်ခွင့်နှင့် ပတ်သက်ပြီး သူပြောမည်ဟု ဆိုလာသည်။ မြန်မာနိုင်ငံ အိုင်တီလောကတွင် လိုအပ်ချက်တစ်ခုဖြစ်သည့်ပြင် လူငယ် တို့ သိထားသင့်သည့်ကိစ္စများဖြစ်နေသဖြင့် ကျွန်တော်တို့လက်ခံလိုက်သည်။ ရက်ကကပ်နေသဖြင့် ကိုဖိုးနိုင်ဝင်းကို လိုက်ချိတ်ရပြန်သည်။ သူ့ကို ကျွန်တော်တို့က ဟာ့ဒ်ဝဲ အကြောင်းနှင့်ပတ်သက်ပြီး တစ်ခုခုပြောစေ့ချင်သည်။ သူ့ကို လည်း ဘယ်မှာမှ လှမ်းချိတ်လို့မရ။

မည်သို့ဆိုစေ ကျွန်တော်က ပြည့်စုံစာအုပ်တိုက်မှကျင်းပသည့် စာအုပ်ပရိုမိုးရှင်းပွဲတွင် ရက်ကပ်ပြီး သတင်းမီဒီယာ သမားများကို ဖိတ်စာဝေလိုက်သည်။ ကိုမျိုးအောင်ကလည်း (၈-၁-၂၀၀၈) နေ့တွင် အိုင်တီစကားဝိုင်းကျင်းပမည်။ ဦးကျော်ညွန့် "ဆော့ဖ်ဝဲမူပိုင်ခွင့်" နှင့် ပတ်သက်ပြီး ဟောပြောမည်ဟု ကြေညာပေးလိုက်နိုင်သည်။

အိုင်တီစကားဝိုင်း (၄) ကို Personal Computer မဂ္ဂဇင်းမှ စပွန်ဆာပေးသည်။ သူ့ကွန်ပျူတာမဂ္ဂဇင်းက နောက် ပိုင်းတွင် လူငယ်များကြား၌ ရေပန်းစားလာသည်။ လူငယ်တစ်ယောက်ကဦးစီးကာ လူငယ်တွေကြားသို့ လူငယ်နည်း လူငယ်ဟန်ဖြင့် ထိုးဖောက်နေခြင်းဖြစ်သည်။ အိုင်တီပညာနှင့် အိုင်တီလောကအကြောင်းကို လူငယ်တွေ ပိုမိုစိတ်ဝင်စား လာအောင် သူက ကြိုးစားအားထုတ်နေသူဖြစ်သည်။

စကားဝိုင်းမစမီ ထုံးစံအတိုင်း ဟောပြောသူက ဟောပြောမည်။ ဦးကျော်ညွန့်ကို ကျွန်တော်တို့ ဟောပြောချိန်နှင့် ဆွေးနွေးချိန် တစ်နာရီခွဲခန့်ဟု ကန့်သတ်ချက်မှတစ်ပါး အခြားဘာပြောပါ၊ ဘာဆွေးနွေးပါဟု ကန့်သတ်ချက်မရှိ။ တစ်ခုတော့ အသိပေးထားသည်။ ကျွန်တော်တို့အိုင်တီစကားဝိုင်းတွင် အိုင်တီနည်းပညာသက်သက်သာ ဆွေးနွေးရေး တွေ ပြောပြထားသည်။ ကျွန်တော်တို့က နည်းပညာသက်သက်ဖြင့် စကားဝိုင်းပေါင်းများစွာဆီသို့ ချီတက်ချင်သည်။

(၈-၁-၂၀၀၈) နေ့က နေ့လည် ၁ နာရီတွင် ပွဲစမည်ဟု စီစဉ်ထားသည်။ ထိုနေ့ပွဲကို ဆရာကြီးမောင်ဆုရှင် ကိုယ်တိုင် တက်ရောက်လာသဖြင့် ကျွန်တော် အတော်လေးအံ့အားသင့်သွားသည်။ စာပေလောက ဓူဝံကြယ်ကြီးဟု ဦးကျော်ညွန့်က ပြောသည်။ ကျွန်တော်ကတော့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ လောက်ကတည်းက ဆရာကြီး၏အသံကို မြန်မာ့အသံတွင်နားထောင်းရင်း အားကျနေခဲ့ရသည်။ ဆရာကြီး ဘာသာပြန်ထားသည် အမျိုးသားစာပေဆုရ "ပင်လယ်ပြာနှင့် တံငါအို" စာအုပ်ကို ကျွန်တော် ဘယ်တော့မှမမေ့။ ဖတ်နေရသည်မှာလည်း အကြိမ်ကြိမ်မရိုးပေ။ ဆရာကြီးသည် ဟောရပြောရမှာနှင့်ပတ်သက်ပြီး အမြဲနုပျိုနေသလို။ ဆရာကြီးက အခမ်းအနားတွင် အဖွင့်အမှာစကား ပြောပေးသည်။ အကြောင်းအရာလေးတစ်ခုကို တန်ဆာဆင်ပြီး ပြောတတ်လွန်းသဖြင့် နားထဲစွဲကျန်ခဲ့သည်။ Uncivilized Nation ဆိုသည်ကို နားထဲကမထွက်။



ဒုတိယပိုင်းအဖြစ် ဆရာဦးကျော်ညွန့်က မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးသွားသည်။ သူက လူကြီးတစ်ယောက်၊ ဥပဒေသမားတစ်ယောက်ဆိုတော့ လူကြီးတစ်ယောက်နှင့် ဥပဒေသမားအမြင်ကို ပေါင်းစပ်ပြီးပြောသွားသည်။ ကျွန်တော်တို့က အသက်ရှူမ၀သဖြင့် ထွက်ပေါက်လေးများတွေ့မလားဟု ရှာနေသူများကို တံခါးလေး ဟပေးစေ့ချင်သည်။ သူကတော့ စိတ်ရင်းအတိုင်း၊ ဥပဒေအတိုင်း သက်ညှာခွင့်မပေး။ တစ်ချက်လွှတ်ဖြင့် ပိတ်ထားရမည်ဟု ပြောနေ သလိုဖြစ်နေသည်။ မွှမ်းကျပ်နေသူတစ်ယောက် တံခါးလေးဖွင့်မပေးတော့ဘူးလားဟု ထမေးသည်။ တကယ်တော့ သူကလည်း ဖွင့်ပေးနိုင်သူမဟုတ်။ ဤသို့ဖြင့် စကားဝိုင်းမစမီ အပြောဝိုင်းသည် မတင်မကျနှင့် နိဂုံးချုပ်သွားရသည်။



ကျွန်တော်တို့ ခေတ္တနားချိန်အတွက် ပြည့်စုံစာအုပ်တိုက်မှ ကိုမျိုးအောင်နှင့် မဧပရယ်တို့က ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံသည်။ နောက်စကားဝိုင်းကို ပြန်စသည်။ လူထက်ဝက်ခန့် ပြန်သွားကြသည်။ စိတ်ဝင်စားသည့် လူငယ်တွေချည်း ကျန်ခဲ့သည်။ လူကြီးတွေ ပြန်ကုန်ကြသည်။ လူငယ်တွေအတွက် စကားဝိုင်းဖြစ်သဖြင့် လူငယ်တွေ ကျန်ခဲ့ဟန်တူသည်။ တကယ်တော့ လူကြီးတွေအတွက်လည်း နာထောင်သင့်သည့် စကားဝိုင်းဖြစ်ပါသည်။ လူငယ်တွေ၏ ရင်ထဲမှာ ဘာတွေ ရှိမှန်း မသိဘဲနှင့် ပေါင်းစပ်၍ရမည်မထင်။
ယခုအပတ်စကားဝိုင်းကို ကျွန်တော်တို့က ပုံစံတစ်မျိုးပြောင်းလိုက်သည်။ ပြောချင်ဆွေးနွေးချင်သည့်သူကို ကျွန်တော်တို့က သီးခြားအဆိုရှင်တစ်ဦးအနေဖြင့် ရှေ့ထွက်ပြီး မိုက်ခရိုဖုန်းဖြင့် ပြောစေသည်။ ကျွန်တော်တို့က သူတို့ ပြောဆိုဆွေးနွေးချက်တွေကို မှတ်တမ်းတင်ထားချင်သည်။ စာပြန်ရေးလျှင် ပြန်နားထောင်ချင်သည်။
ယခုအပတ်တွင် Blog အကြောင်းတွေ ပြောကြမည်ဟု ယခင်အပတ်ကတည်းက ကြိုပြောလိုက်သည်။ ကျွန်တော် တွေ့လိုက်ရသည်က ကိုညီလင်းဆက်နှင့် ကိုမောင်မောင်သန့်တို့ ဖြစ်သည်။ ကျန်သူတွေကို ကျွန်တော်သိပ်မရင်းနှီး။ Blog အကြောင်း ကိုမောင်မောင်သန့်က ထပြောသည်။ စိတ်ဝင်စားစရာကောင်းသည်။ နောက်တစ်ယောက်အနြေ့ဖင့် စကားပြောရန်ဝန်လေးသည့် ကိုညီလင်းဆက်ကို ဖိတ်ခေါ်ရသည်။ သူကလည်း အရေးကောင်းသလို အပြောပါကောင်းသည်။ သူတို့က Open Source ကိုသုံးဖို့ တိုက်တွန်းသလို၊ တရားဝင်ဆော့ဖ်ဝဲ တွေကို ၀ယ်ပြီးသုံးရန် တိုက်တွန်းသွားကြသည်။ အမြော်အမြင်ဖြင့် သူတို့ပြောသွားကြခြင်းဖြစ်သည်။
ကိုဖိုးနိုင်ဝင်းရောက်မလာသဖြင့် ထိုနေ့စကားဝိုင်းတွင် ဟာ့ဒ်ဝဲအကြောင်းတွေ သိပ်မပြောဖြစ်ကြ။ ညနေ ၄ နာရီခွဲ တွင် အိုင်တီစကားဝိုင်းကို ရပ်နားလိုက်သည်။

အိုင်တီစကားဝိုင်း အမှတ် ၄ နှင့် ပတ်သက်ပြီး နောက်တစ်နေ့တွင် ရိုက်ခတ်ချက်တွေပြန်လာသည်။ အသံတွေ ထွက်လာသည်။ မနက်စောစော မိတ်ဆွေတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားလာသည်။ မနေ့က အိုင်တီစကားဝိုင်း အကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါလာသည်တဲ့။ နောက်ပြီးတော့ ဦးကျော်ညွန့် ဟောပြောသွားသည့် အချက်များနှင့်ပတ်သက်ပြီး သို့လောသို့လောအပြောတွေကို ကျွန်တော် ရင်ဆိုင်ဖြေရှင်းရသည်။

နောက်တစ်ချက်က အိုင်တီစကားဝိုင်းကို ပြည့်စုံစာအုပ်တိုက်က ကျင်းပတာလားဟု မေးလာကြပြန်သည်။ သူတို့ မေးလည်း မေးလောက်သည်။ မြို့တော်သတင်းထဲတွင် အိုင်တီစကားဝိုင်း ၄ ကို ပြည့်စုံစာအုပ်တိုက်မှ ကိုမျိုးအောင်က ကြီးမှူးကျင်းပသည်ဟု ပါလာသည်။ ကိုမျိုးအောင်က ထိုနေ့မှ ကျွန်တော်တို့ကို ကူညီသည့်အနေဖြင့် စကားဝိုင်းလာ မိတ်ဆွေများကို ကော်ဖီနှင့်မုန့်များ စပွန်ဆာလာပေးခြင်းဖြစ်သည်။ ကျွန်တော်က အိုင်တီစကားဝိုင်းတိုင်းကို ပါစင်နယ် ကွန်ပျူတာမဂ္ဂဇင်းက ကြီးမှူးကျင်းပပေးတာပါဟု ပြန်ရှင်းနေရသည်။

၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ထုတ် ကမ္ဘာ့စီးပွားရေးဂျာနယ် အတွဲ ၃၊ အမှတ် ၃ တွင် WEJ ဘိုးဘိုးကြီး ဆိုသူက "ထင်ရာတွေးပြီး ထင်ရာရေးသည်" ဆိုသည့်ဆောင်းပါးဖြင့် အိုင်တီစကားဝိုင်းတွင် ဦးကျော်ညွန့် ဆွေးနွေးသွား သည့်အချက်များကို တစ်ချက်ချင်း ပြန်ထောက်ပြထားသည်။ မတူသောအမြင်များကို ကျွန်တော်တို့ လက်ခံကြရပါမည်။ ကျွန်တော်တို့ ဝေဖန်ရေးကို ကြောက်နေလို့မရပါ။ ဝေဖန်ပေးသူကိုပင် ကျေးဇူးတင်ရမှာဖြစ်သည်။ သို့ဖြင့် ကျွန်တော်က ထို ဆောင်းပါးကို ပါစင်နယ်ကွန်ပျူတာတွင် ပြန်ထည့်ပေးရန် အယ်ဒီတာချုပ်ကို တောင်းဆိုထားရသည်။ တစ်ဘက်က ဆောင်းပါရေးသူကိုလည်း လှမ်းပြီးခွင့်တောင်းသည်။ သူကလည်း ကြည်ဖြူစွာခွင့်ပြုထားသည်။ ထိုဂျာနယ်ကိုမဖတ်မိသူ တွေ ကျွန်တော်တို့ ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းတွင် ဖတ်မိနိုင်စေရန်ဖြစ်ပါသည်။



ကျွန်တော်တို့သည် အိုင်တီစကားဝိုင်းတိုင်းသို့ ပညာရှင်များကိုဖိတ်ခေါ်ပြီး ဟောပြောခိုင်းမည်။ သူတို့ကို ဘာပြောပါဟု ကျွန်တော်တို့ကန့်သတ်၍မရ။ ပရိုဂရမ်မင်းအကြောင်း ပရိုဂရမ်မာကိုခေါ်ပြောခိုင်းမည်။ ဆော့ဖ်ဝဲအကြောင်း ဆော့ဖ်ဝဲရေးနေသူကို ပြောခိုင်းမည်။ ဟာ့ဒ်ဝဲအကြောင်း ဟာ့ဒ်ဝဲသမားတွေက ပြောကြစေရန် ကျွန်တော်တို့က စီစဉ်ပေး ခြင်းသာဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ အိုင်တီနှင့်ပတ်သက်သည်များကို ပြည်သူတွေကြား၊ လူငယ်တွေအကြား တစ်နည်းတစ်လမ်းဖြင့် ပျံ့နှံ့သွားစေရန်သာ ဖြစ်သည်။ သူတို့ ပြောဆိုဆွေးနွေးချက်များကို မကျေနပ်လျှင် မကြိုက်လျှင် ထပ်မံဆွေးနွေးခွင့်နှင့် အချိန်တို့ကို ကျွန်တော်တို့အများကြီး ပေးထားသည်။ နောက်ပိုင်း အကျယ်စာဖြင့် ဆွေးနွေးလာ သည်ကိုလည်း အိုင်တီစကားဝိုင်းနှင့်ပတ်သက်သမျှ ကျွန်တော်တို့ လက်ခံကြရမှာ ဖြစ်သည်။ စိတ်ကောင်း စေတနာ ကောင်းဖြင့် အကြံပြုချက်မှန်သမျှ ကျွန်တော်တို့ ကြိုဆိုပါသည်။

အိုင်တီစကားဝိုင်းသည် အားလုံးကို လမ်းဖွင့်ပေးထားသည်။ ကိုယ်ပြောချင် ဆွေးနွေးချင်တာရှိလျှင် အခမ်းအနား စီစဉ်သူနှင့် ချက်ချင်းစီစဉ်ပြီး ချက်ချင်းထပြောလို့လည်းရသည်။ နောက်တစ်ပွဲမှာ ဘာပြောချင်ပါတယ်ဟု ကြိုပြီး လာပြောထားလို့လည်း ရသည်။ မည်သူ့ကိုမျှ ကန့်သတ်ထားတာမရှိ။ အားလုံးကို ကြိုဆိုနေမည်သာ ဖြစ်သည်။

ကျွန်တော်တို့ အိုင်တီစကားဝိုင်းကို တစ်လတစ်ကြိမ် ပုံမှန်လုပ်မည်ဟု သတ်မှတ်ထားကြသည်။ ဖေဖော်ဝါရီလ တွင် ပြည်ထောင်စုနေ့ (၁၂-၂-၂၀၀၈) တွင် "ယူနီကုတ်အကြောင်း" နှင့်ပတ်သက်ပြီး ပြောကြမည်။ မတ်လတွင် (၈-၃-၂၀၀၈) နေ့၌ စကားဝိုင်းထပ်လုပ်မည်။ သို့သော် ဆွေးနွေးမည့်အကြောင်းအရာကို မစီစဉ်ရသေး။ ဤကြားထဲမှ နယ်မှပရိသတ်များက အိုင်တီစကားဝိုင်းကို သူတို့နယ်တွင် လာရောက်ကျင်းပပေးရန် ကမ်းလှမ်းလာသည်။ ကျွန်တော် တို့ အတော်လေး ၀မ်းသာသွားသည်။ အိုင်တီပညာသည် ရန်ကုန်တွင် စုပုံနေရန် မဟုတ်ပါ။ မြို့ရွာအနှံ့ခရီးပေါက် သင့်သည် မဟုတ်ပါလား။ သို့ဖြင့် ဖိတ်ခေါ် သည့် ပရိတ်သတ်ကို မယုတ်မလွန် စကားပြန်ထားသည်။ ကျွန်တော်တို့ လိုက်လံစု စည်းကြရပြန်သည်။ နယ်ကိုလိုက်ပြီး ဟောပြောနိုင်ဖို့၊ နယ်ကိုလိုက်ပြီး မိမိတို့ Product များကို လိုက်လံပြသ ရှင်းလင်းနိုင်ဖို့။ အားလုံး စိတ်ဝင်စားကြသည်။ စီစဉ်ပေးမည့်သူအပေါ်တွင်သာ ခေါင်းကျလာတော့သည်။ ကျွန်တော်တို့ ဖြစ်အောင်လုပ်မည်။ နယ်မှပရိသတ်တွေကို ပညာသွားပေးကြမည်။ စိတ်ရင်းစေတနာရင်းဖြင့် ပွင့်လင်းစွာ ကူညီနိုင်မှု တွေကို မျှော်လင့်ရင်းဖြင့် အိုင်တီစကားဝိုင်းမှ ရလဒ်များကို မျှော်လင့်နေရပါလိမ့်မည်။

Thursday, February 28, 2008

IT Talk No.3

အိုင်တီစကားဝိုင်း အမှတ် ၃

အိုင်တီစကားဝိုင်း အမှတ် (၃) ကို ကျွန်တော်တို့ အမျိုးသားဝိုင်အမ်စီအေခန်းမတွင် ဆက်လုပ်ဖြစ်သည်။ အမှတ် (၂) ပွဲ တွင် ကျွန်တော်တို့ အခန်းကျဉ်းကျဉ်းနှင့် လုပ်လိုက်ရသည်။ ယခုအမှတ် (၃) ပွဲကိုတော့ စပွန်ဆာပေးသူက အခန်းကျယ်ကျယ်နှင့် အဆိုပြုလာသည်။

စကားဝိုင်း (၃) ကို စပွန်ဆာပေးသူက Golden Power ကုမ္ပဏီမှဖြစ်သည်။ သူတို့ ကုမ္ပဏီက ASUS brand ကို အဓိကထားပြီး မြန်မာနိုင်ငံအတွင်း တင်သွင်းနေသည်။ သို့သော်ယခုစကားဝိုင်းတွင် သူတို့က Eee PC ကို ပွဲထုတ်ချင် သည်။ ဇန်န၀ါရီလအတွင်း နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်မည့် ကွန်ပျူတာအသေးစားလေးများကို မြန်မာနိုင်ငံနှင့် မိတ်ဆက်လိုသည်ဟု ပြောကာ ကျွန်တော်တို့အိုင်တီစကားဝိုင်းကို ကမကထပြုပေးသည်။

ထိုနေ့က (၂၁-၁၂-၂၀၀၇) ဖြစ် သည်။ နံနက် ၁၀ နာရီကတည်းက အခမ်းအနားစမည်ဖြစ်သဖြင့် ၉ နာရီ လောက်ကတည်းကလာပြီး ပြင်ဆင်နေကြသည်။ Golden Power မှ ၀န်ထမ်းများလည်း ရောက်လာကြပြီး သူတို့ ကြော်ငြာဘုတ်တွေကို နေရာအနှံ့လိုက်ချလိုက်သဖြင့် ပွဲကမြိုင်သွားသည်။ ၁၀ နာရီ ခွဲလောက်တွင် ကျွန်တော်တို့ အခမ်းအနား စလိုက်ကြသည်။

ပထမဦးဆုံး အီးပီစီကိုပွဲထုတ်သည်။ Golden Power မှ MD ကိုထွန်းထွန်းအောင်က ကိုယ်တိုင် အီးပီစီအကြောင်း ဟောပြောသွားသည်။ တစ်နာရီပင်မပြည့် သူ့ရှင်းပြချက်တွေ ပြီးသွားသည်။ သိလိုသူတွေက မေးမြန်းကြ၊ စူးစမ်းကြ သည်။ ပြီးတော့ ကျွန်တော်တို့ လက်ဘက်ရည်ဖြင့် ဧည့်ခံသည်။

ဒုတိယပိုင်းအဖြစ် အိုင်တီစကားဝိုင်းကို စတင်လိုက်သည်။ ထုံးစံအတိုင်းဝိုင်းထိုင်ပြီး ပြောကြသည်။ အကြောင်းအရာတွေက ဟိုရောက် သည်ရောက်။ ဦးတည်ချက်မဲ့နေသလိုဖြစ်ကာ ပြောချင်ရာပြောနေကြခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်အကြောင်းတွေပါသည်။ မော်နီတာအကြောင်းတွေပါသည်။ ထိုစဉ် အီးပီစီကွန်ပျူတာလေးထဲသို့ မြန်မာ Font သွင်းလို့ရသွားပြီဟု ကျွန်တော့်နားသို့ တစ်ဦးက တိုးတိုးလေး လာကပ်ပြောသည်။ စကားဝိုင်းမစမီကတည်းက ကိုထွန်းထွန်းအောင်က သူ့အီးပီစီတွင် မြန်မာ Font မည်သို့သွင်းရမှန်းမသိ ဖြစ်နေသည်ဟုဆိုလာသည်။ ကျွန်တော်တို့က ကိုဆန္ဒအောင်လက်ထဲသို့ အီးပီစီတစ်လုံး ထည့်ပေးလိုက်သည်။ သူက ကျွန်တော်တို့စကားဝိုင်းကို စိတ်မ၀င်စားတော့။ လက်ထဲရလာသည့် ကွန်ပျူတာလေးကိုသာ စိတ်ဝင်စားကာ သဲသဲမဲမဲ ဇွဲနှင့်ဈာန်ဝင်နေသည်။ မကြာမီ ရပြီဟုဆိုလိုက် သည်။ အိုင်တီစကားဝိုင်း၏ ရလဒ်ဟုဆိုရမည်။ ပျော်သူတွေပျော်သွားကြသည်။ မရဘူး၊ မဖြစ်ဘူးဆိုသည်များကို ၀ိုင်းဝန်း ဖြေရှင်းပေးလိုက်သည့်သဘော ဖြစ်သည်။

ဤသို့ဖြင့် ၂ နာရီခန့်တွင် စကားဝိုင်းကို မနည်းဖြတ်ကာ ပွဲသိမ်းလိုက်ရသည်။ွGolden Power က လက်ဆောင်အိတ်လေးတွေ ဝေသည်။ အိတ် ၇၀ လောက် ယူလာခဲ့ရာ မလောက်ဟုသိရသည်။ သို့ဖြင့် စိတ်ဝင်စားသူ ၇၀ ကျော် တက်ရောက်လိမ့်မည်ဟု ခန့်မှန်းရသည်။ မည်သို့ဆိုစေ လူ ၂၀ ခန့်နှင့် စတင်ခဲ့ရသည့် စကားဝိုင်း သည် ၇၀ ကျော်ဖြစ်လာသဖြင့် အိုင်တီလောကကို စိတ်ဝင်စားသူတွေ တစ်စစဖြင့် တိုးတက်လာသည့်သဘော ဖြစ်သည်။ ကျွန်တော်တို့ဘက်ကလည်း ပိုပြီးသတင်းပေးနိုင်အောင်ကြိုးစားရလိမ့်မည်။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်သူတွေ ဆိုသည့် Message ကို များများဖြန့်နိုင်အောင် ကြိုးစားပြီး အိုင်တီစကားဝိုင်း၏ အတိုင်းအတာကို ကျွန်တော် အများကြီးမျှော်လင့်လိုက်ပါသည်။

IT Talk No.2

အိုင်တီစကားဝိုင်း အမှတ် ၂

ပထမ စကားဝိုင်းနှင့် ဒုတိယစကားဝိုင်းက နှစ်ပတ်ခြားသွားသည်။ ဒုတိယစကားဝိုင်းကို စပွန်ဆာပေးသူက Smart Computer မှ ကိုအောင်အောင် ဖြစ်သည်။ သူနှင့် မမျှော်လင့်ဘဲ စကားဝိုင်းလုပ်နေကြောင်း လက်ဘက်ရည်ဆိုင်တွင် ပြောလိုက်မိသည်။ သူက နောက်တစ်ကြိမ် သူစပွန်ဆာပေးမည်ဟု လိုလိုလားလား ပြောသည်။ ကျွန်တော်လည်း ၀မ်းသာအားရ PC မဂ္ဂဇင်းသို့ လှမ်းဆက်ရသည်။ သူကလည်း ဖိတ်စာတွေ စီစဉ်ရသည်။ ကျွန်တော်က အိုင်တီစကားဝိုင်းကို အေးချမ်းစွာနေရာချချင်သည်။ သို့ဖြစ်ရာ အမျိုးသားဝိုင်အမ်စီအေသို့ Green Book မှ ကိုမျိုးအောင်က ညွှန်းသဖြင့် ရောက်လာသည်။ သူတို့ကလည်း အခန်းတွေ စီစဉ်ပေးနိုင်သည်။ အကျွေးအမွေးတွေ စီစဉ်ပေးနိုင်သည်ဟု ပြောသည်။ ဤသို့ဖြင့် လူ ၂၀ စာလောက် အခန်းလေးတောင်းပြီး ပြန်ခဲ့ကြသည်။

ဒုတိယအကြိမ် အိုင်တီစကားဝိုင်းကို (၇.၁၂.၀၇) နေ့ နေ့လည် ၁ နာရီတွင် အမျိုးသားဝိုင်အမ်စီအေ အခန်း (၂၀၆) တွင် လုပ်ဖြစ်သွားသည်။ Smart Computer မှ နည်းပညာရှင် ကိုကျော်ရဲထွန်းက မားသားဘုတ်တွေ၊ Chipset တွေ၊ ဂရပ်ဖစ်ကတ်တွေအကြောင်းကို တိုးတက်လာသည့် ခေတ်နှင့်အညီ နည်းပညာတွေ ပြောင်းလဲလာပုံတို့ကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရှင်းပြသွားသည်။ စာတွေ့ လက်တွေ့များ အပြင် မြင်ကွင်းကျယ်တီဗွီကြီးနှင့်ပါ သရုပ်ပြ ရှင်းသွားသည်။ ထိုနေ့က စာရေးဆရာ ဖိုးနိုင်ဝင်းလည်း ရောက်လာသဖြင့် စကား ၀ိုင်းက အတော်လေး မြိုင်သွားသည်။ နည်း ပညာနှင့် ပြောင်းလဲမှုများ၊ အဆိုးအကောင်း အကျိုးအကြောင်းတွေကို ဖိုးနိုင်ဝင်းကလည်း ထောက်သည်။ ကိုကျော်ရဲထွန်းကလည်း ရှင်းပြသည်။ ဤသို့ဖြင့် ကျွန်တော်တို့ ဒုတိယအကြိမ်စကားဝိုင်းက ပိုပြီး စိုပြည်လာသည်။


ထိုနေ့ကစကားဝိုင်းတွင် ကျွန်တော်တို့ အားလုံးတူညီစွာ ဆုံးဖြတ်လိုက်မိကြသည် က "အဆောင်အယောင်တွေ၊ ဂုဏ်တွေ၊ နာမည်တွေအားလုံး အဆောက်အအုံအပြင် တွင် ထားခဲ့ပါ" ဟူ၍ဖြစ်သည်။ ကျွန်တော်တို့ စကားဝိုင်းသည် လွတ်လပ်သည့်စကားဝိုင်း ဖြစ်သည်။ အိုင်တီလောကဘာလဲ၊ ဘယ်လဲ ကျွန်တော်တို့ ဆွေးနွေးကြမည်။ မသိသူက မှတ်မည်။ သိသူတွေကပြောမည်။ ရည်ရွယ်ချက်က ရိုးရိုးစင်းစင်းလေးဖြစ်သည်။ ကျွန်တော်တို့ ကိုယ့်တိုက်တွင် ဆရာကြီးတွေ ဖြစ်ကောင်းဖြစ်မည်။ ဤနေရာတွင်တော့ ဘာမှမဟုတ်ပါဟု ရိုးသားစွာခံယူပြီးမှ ပြောကြဆိုကြခြင်းဖြစ် သည်။ တကယ်လည်း ထိုနေ့က နားလည်သူတွေပြောတော့ ကျွန်တော်တို့ အတော်လေးနားဝင်အောင် လိုက်နားထောင်ရ သည်။ မရှင်းလင်းသည်ကို ပြန်ရှင်းခိုင်းရသည်။ ရှင်းသူတွေကလည်း စိတ်ကောင်းစေတနာဖြင့် ထပ်ကာ ထပ်ကာ ရှင်းပြကြသည်။ ဤသို့ဖြင့် အိုင်တီ စကားဝိုင်းအမှတ် ၂ လည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့ရပြန်သည်။
ကျွန်တော်တို့ စကားဝိုင်းအပြီး တိုက် ပြန်ရောက်တော့ ကျွန်တော့်ထံ တယ်လီဖုန်းသံတွေ ညံလာသည်။ သူ့ကို မဖိတ်လို့၊ ငါ့ကို မဖိတ်လို့တွေ ဖြစ်လာသည်။ ကျွန်တော်က အားလုံးကိုဖိတ်နိုင်ရန် ကြိုးစားသော်လည်း မေ့ကျန်သွား တာတွေ ရှိသည်။ မမေ့မလျော့ ဖိတ်ပြန်တော့လည်း မလာသူတွေက ရှိနေသည်။ အချို့တိုက်ကို ဖိတ်သော်လည်း နာမည်မတပ်သဖြင့် မသိဟု ဆိုလာကြသည်။ ဘာပြောပြော ကျွန်တော်တို့ အိုင်တီ စကားဝိုင်းလေးသည် လက်ရှိတော့ အမျိုးသား ၀ိုင်အမ်စီအေအဆောက်အအုံတွင် တစ်ပတ်ခြားကျင်းပရန် စီစဉ်ထားသည်။ မည်သည့် သတင်းသမားများ မဆို၊ အိုင်တီအကြောင်း စိတ်ဝင်စားသူတွေကိုမဆို ကျွန်တော်တို့က တံခါးဖွင့်ထားသည်။ အမြဲလက်ကမ်းကြိုနေမည် သာ ဖြစ်သည်။ တစ်ခုတော့ရှိသည် "ငါ ဘာမှမဟုတ်" ဆိုသည့် မူဖြင့် လာတက်ပြီး အကြံကောင်းများ မျှဝေကြရန်သာ ဖြစ်သည်။

IT Talk No.1

အိုင်တီစကားဝိုင်း အမှတ် ၁

ဘာလိုလိုနှင့် ကျွန်တော်တို့ လုပ်ဖြစ်သွားသည်။ ကျွန်တော်တို့ နီးစပ်ရာ စာနယ်ဇင်းသမားတွေလောက် ဖိတ်လိုက်ပြီး မဟာဗန္ဓုလပန်းခြံလမ်းရှိ Mr. Brown တွင် တွေ့ဆုံလိုက်ကြသည်။ အိုင်တီစကားဝိုင်းကို ကျွန်တော် ၂၀၀၅ ခုနှစ် လောက်ကတည်းက ကြိုးစားသည်။ စပွန်ဆာတွေကလည်း ရှိသည်။ သို့သော် ကျွန်တော် မတည်ငြိမ်သဖြင့် ဖြစ်မြောက် ရေးတွင် အားနည်းသွားသည်။ ဤသို့ဖြင့် ၂၀၀၇ ခုနှစ်သို့တိုင်လာသည်။ မမျှော်လင့်ဘဲ Personal Computer မဂ္ဂဇင်းမှ ကိုမျိုးမင်းထူးနှင့် သွားတွေ့သည်။ ကျွန်တော်လည်း အိုင်တီလောကကို ခြေဦးပြန်လှည့်လိုက်သည်။
တစ်နေ့ ကျွန်တော်က ၂၀၀၅ စိတ်ကူးလေး ကို ပြောပြလိုက်သည်။ သူက ကျွန်တော် ဖြစ်အောင်လုပ်မည်ဆိုပြီး ကမကထ လုပ်သည်။ ဤသို့ဖြင့် အိုင်တီစကားဝိုင်းအမှတ် (၁) လုပ်ဖြစ်သွားသည်။


(၂၁.၁၁.၀၇) နေ့၊ နေ့လည် ၁ နာရီ တွင် ကျွန်တော်တို့ Mr.Brown တွင် ဆုံကြသည်။ ထိုနေ့က ကျွန်တော်တို့ ကိုဝဏ္ဏကိုကိုနှင့် စာနယ်ဇင်းကို မိတ်ဆက်ပေးသည်။ သူက OpenOffice အကြောင်းတွေ ပြောသည်။ မြန်မာပြည်တွင် သူလုပ်လိုသည့် ကိစ္စတွေကို ဆွေးနွေးကြသည်။ သူ့တွင်လည်း ကမကထလုပ်ပေးမည်သူတွေ အများကြီးလိုနေသည်။ မြန်မာပြည်တွင် အိုင်တီပညာရှင်တွေအများကြီးရှိပါသည်။ သူ့နည်းသူ့ဟန်နှင့် လှုပ်ရှားနေကြသည်။ လူအားစိုက်နိုင် သည်။ သို့သော် အရေးအပါဆုံးဖြစ်နေသည့် ငွေအားမလိုက်နိုင်ကြ။ သို့ဖြင့် တိမ်မြုပ်နေ သော ပညာရှင်တွေ အများကြီးဖြစ်နေရ သည်။
ကျွန်တော်တို့က စကားဝိုင်းတွင် ကိုယ်လုပ်ထားတာလေးတွေ၊ စီစဉ်ထားတာလေးတွေ မည်သူ့ကိုမျှ မပြောရလျှင် နေပါစေ စာနယ်ဇင်းသမားတွေကိုပြောမည်။ အတိုင်းအတာလေးတစ်ခုလည်း ဖြစ်သွားနိုင်သည်၊ အတိုင်းအတာကြီး တစ်ခုလည်း ဖြစ်သွားနိုင် သည်။ ကျွန်တော်တို့က အားလုံးကို ဖိတ်ခေါ်ထားသည်။
ကိုဝဏ္ဏကိုကိုကလည်း ၀မ်းသာအားရ သူ့အစီအစဉ်တွေ ပြောသည်။ ပြီးတော့ ကျွန်တော်တို့ ပြောချင်ရာ ပြောသည်။ နိုင်ငံရေးမပါ။ စီးပွားရေးမပါ။ အားလုံး အိုင်တီကိုသာ လမ်းကြောင်းဦးတည်ထားကြသည်။
ပတ်ဝန်းကျင်က ကျွန်တော်တို့ ဘာ လုပ်နေကြသလဲ စူးစမ်းနေသည်။ တစ်နေရာ တွင် ငိုနေသောကောင်မလေးကို ကောင်လေး က ချော့နေသည်။ တစ်နေရာတွင် ပေါက်ကွဲ နေကြသည်။ တစ်နေရာတွင် ရင်ထဲက စကားလုံးတွေကို ဖောက်ခွဲနေကြသည်။ သီချင်းသံကလည်း လွင့်ပျံ့လာသည်။ 'မင်း မချစ်လည်း ရပါတယ်" တဲ့။ အာရုံတွေကို ပြန်စုစည်းလိုက် တိုးညှင်းသော သူတို့အသံကို အားစိုက်လိုက်နှင့် စကားဝိုင်းက ၂ နာရီ ကြာသွားသည်။ ကျွန်တော်တို့ စကားဖြတ်ပြီး ထလိုက်ကြသည်။ စားပွဲပေါ်တွင် ကော်ဖီရည်တွေ၊ မုန့်တွေက တုန်လှုပ်နေခဲ့ သည်။
နောက်တစ်ပွဲ ဘယ်တော့လဲ၊ ဘယ်နေ့လဲ၊ ဘယ်အချိန်လဲ။ ကျွန်တော်တစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့။ ဖုန်းဆက် လိုက်မည်။ ဘာပဲပြောပြော ကျွန်တော်တို့ အိုင်တီအကြောင်းတွေကိုတော့ ပြောဖြစ်ခဲ့ကြသည်။

Tuesday, February 26, 2008

Who & Why


Myanmar Personal Computer Magazine က Sponsor လုပ်ပြီး လစဉ်ကျင်းပနေတဲ့ အိုင်တီစကားဝိုင်း နဲ့ သက်ဆိုင်တဲ့
  • အချက်အလက်လေးတွေ...
  • ပေးချင်တဲ့ သတင်းလေးတွေ...
  • ကျင်းပမည့် အခမ်းအနား အစီအစဉ်များ အတွက် နေရာနဲ့ အချိန်များကို...
အွန်လိုင်းကနေ အချိန်နဲ့ တပြေးညီ အပ်ဒိတ် လုပ်ပေးရင်း၊ ကိုယ်တိုင်မလာရောက်နိုင်တဲ့ ရပ်ဝေးမြေခြားက မြန်မာပြည်သား အိုင်တီလောကသားများ အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ တတ်နိုင်သလောက် ကြိုးစား အားထုတ်နေတာလေးတွေကို မျှဝေ ခံစားစေချင်တဲ့ ရည်ရွယ်ချက်များနဲ့ ဒီ ဘလော့ခ်လေးကို တည်ဆောက်ထားခြင်း ဖြစ်ပါတယ်...

ကိုယ်တိုင် မတက်ရောက်နိုင်ကြသူများလည်း ဖတ်ရှုဆွေးနွေး အကြံပြုပေးကြဖို့ ဖိတ်ခေါ်ပါတယ်....